အမျိုးသမီးများမြုံခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း
ကလေးမရနိုင်တဲ့စုံတွဲများမှာ သုံးပုံတစ်ပုံဟာ အမျိုးသမီးမှာ ပြဿနာရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ အမျိုသမီးများမှာ လစဥ် မမျိုးဥကြွေခြင်း၊ မျိုးဥက သားကြောကနေတဆင့် သားအိမ်ထဲကို ရောက်ခြင်း၊ သုက်ပိုးနဲ့တွေ့ဆုံသန္ဓေအောင်ခြင်းမရှိပါက ၂၈ ရက်ခန့် တစ်ခါ ပုံမှန်ရာသီသွေးဆင်းခြင်း ဖြစ်ပါတယ်။
ကျန်းမာပြီး ရာသီစက်ဝန်းမှန်ပါရက်၊ ကိုယ်ဝန်တားနည်းလမ်းများ မသုံးဘဲနေပါရက်နဲ့ ၆ လ မှ တစ်နှစ် ကြာသည်အထိ ကလေးမရနိုင်ပါက ဒီအဆင့်တွေတစ်ခုခုမှာ ပြဿနာရှိနေနိုင်ပါတယ်။
မမျိုးဥနှင့် သုက်ပိုးတွေ့ပါရက်နဲ့ သန္ဓေမအောင်ခြင်း ဖြစ်ပါတယ်။ ကလေးမရနိုင်တဲ့ စုံတွဲတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်မှာ တွေ့ရလေ့ရှိပါတယ်။ ခေတ်အနေအထားအရ အိမ်ထောင်ပြု၊ ကလေးယူတာ နောက်ကျတာတွေကြောင့် အဖြစ်များလာပါတယ်။ အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးမှာ မျိုးအောင်နှုန်းကျဆင်းလာပါတယ်။
- မျိုးဥအိမ်မှာ အရည်အိတ်ကလေးများတည်ခြင်း
မျိုးဥအိမ်မှာ အရည်အိတ်ကလေးများတည်ခြင်းရောဂါကြောင့် ဟော်မုန်းဓာတ်မညီမျှခြင်း၊ မျိုးဥမကြွေခြင်းကြောင့် ကိုယ်ဝန်ရရန်ခက်ခဲပါတယ်။ ဒီရောဂါမှာ သွေးချိုဆီးချိုဖြစ်ခြင်း၊ အဝလွန်ခြင်း၊ မျက်နှာပေါ်တွင် အမွှေးအမျှင်များ သာမာန်ထက်များခြင်း၊ ဝက်ခြံပေါက်ခြင်းများလည်းတွေ့ရတတ်ပါတယ်။
- ဦးနှောက်တွင်းရှိ ပီကျူထရီဂလင်း၊ အခြားဂလင်းနှင့် သိုင်းရှိုက်ဂလင်းရောဂါများ
ဦးနှောက်တွင်းရှိ ပီကျူထရီဂလင်းနှင့် အခြားဂလင်းများကနေ ထုတ်ပေးတဲ့ဟော်မုန်းများရဲ့ လှုံ့ဆော်မှုကြောင့် မျိုးဥအိမ်ကနေ “မ”မျိုးဥ ထုတ်ပေး၊ ကြွေကျစေပါတယ်။
ပြင်းထန်လွန်းသော ကိုယ်လက်လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန် အတက်လွန် အကျလွန်ခြင်း၊ ဦးနှောက်တွင်းရှိ ပီကျူထရီဂလင်း၊ အခြားဂလင်းနှင့် သိုင်းရှိုက်ဂလင်းရောဂါများကြောင့် “မ”ဟော်မုန်းဓာတ် မညီမျှခြင်းဖြစ်စေပါတယ်။ တစ်ခါတစ်ရံ မျိုးဥအိမ်ကိုယ်၌ကိုက မျိုးဥမထုတ်လုပ်နိုင်တဲ့ရောဂါများ၊ ဆေးဝါးအချို့ ကြောင့်လည်း ဖြစ်ပါတယ်။ ရာသီမမှန်ခြင်း၊ ရာသီပျောက်သွားတတ်ခြင်း၊ ရက်ခြားလွန်းခြင်း၊ ရက်နီးလွန်းခြင်းများ ဖြစ်နေရင် မျိုးဥမကြွေတာ ဖြစ်နေနိုင်ပါတယ်။
HIV နှင့် ဆီးပူညောင်းကျ ဂနိုရောဂါတို့လိုမျိုး လိင်မှတဆင့် ကူးစက်တတ်သောရောဂါကူးစက်သူတွေမှာ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် သားကြောလို့ခေါ်တဲ့ မမျိုးဥဆင်းတဲ့ပြွန်လမ်းကြောင်းပိတ်ဆို့စေတတ်ပါတယ်။ မမျိုးပွားအဂ်ါများခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်၍ ခွဲစိတ်ကုသထားခြင်းတွေမှာ ကိုယ်ဝန်ရရန်ခက်ခဲတတ်ပါတယ်။
- သားအိမ်တစ်ရှူးပွားလွန်ခြင်း
သားအိမ်အတွင်းနံရံရှိတစ်ရှူးများ အပွားလွန်ခြင်း၊ သားအိမ်ပြင်ပနှင့် အခြားနေရာများတွင်ပွားခြင်း ဖြစ်ထားရင် ကိုယ်ဝန်ရခဲပါတယ်။
- သားအိမ်အသားလုံးနှင့် သားအိမ်ခေါင်းပြဿနာများ
သားအိမ်အတွင်းနှင့် သားအိမ်ခေါင်းအသားလုံးများရှိခြင်း၊ သားအိမ်မှာ အတွင်းအကန့်ပါခြင်း၊ သားအိမ်အနေအထားမမှန်ခြင်း၊ သားအိမ်ခေါင်းကျဥ်းခြင်းတွေမှာလည်း သန္ဓေသားနေရာယူကုပ်တွယ်ရန် ခက်ခဲစေပါတယ်။
ကျန်းမာတဲ့ကိုယ်ဝန်ရအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ?
- ကလေးယူမယ်စိတ်ကူးရင် အသက်မငယ်လွန်း မကြီးလွန်းချိန်မှာ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ပါ။ အသက်ကြီးလာတာနဲ့အမျှ မမျိုးဥကြွေနှုန်းကျဆင်းလာသလို သားပျက်သားလျှောနိုင်ခြေလည်းများလာပါတယ်။
- ဆေးလိပ်၊ အရက် အလွန်အကျွံမှီဝဲခြင်း၊ တားမြစ်ဆေးဝါးများသုံးခြင်း ရှောင်ပါ။
- ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ရှိအောင် ဂရုစိုက်ပါ။
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။ ပြင်းထန်လွန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုများကိုတော့ ရှောင်ပါ။
- လုပ်ငန်းခွင်တွင် ဓာတုဆေးဝါး၊ ဓာတ်ရောင်ခြည်အန္တရာယ်များရှိပါက အတတ်နိုင်ဆုံးရှောင်ရှားရန် နည်းလမ်းရှာပါ။
- စိတ်ဖိစီးမှု လျှော့ချပါ။
ကိုယ်ဝန်မဆောင်နိုင်တဲ့ အမျိုးသမီးကို ဆေးရုံဆေးခန်းတွေမှာ ရောဂါရှိမရှိစမ်းသပ်စစ်ဆေးတာ၊ သွေးစစ်တာ၊ အာထွာဆောင်းရိုက်တာ၊ ဆေးဓာတ်မှန်ရိုက်ပြီး မျိုးပွားလမ်းကြောင်းကောင်းမကောင်းကြည့်တာ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်တာတို့ဖြင့် အကြောင်းရင်းရှာဖွေနိုင်ပါတယ်။ ဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး မျိုးဥကြွေချိန်နှင့် တိုက်ဆိုင်ထိတွေ့စေခြင်း၊ မျိုးဥကြွေစေသည့် ဆေးများပေးခြင်း၊ ဟော်မုန်းကုထုံး၊ ခွဲစိတ်ကုသခြင်း၊ ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်စေသည့် နည်းလမ်းများသုံးခြင်းများဖြင့် ကိုယ်ဝန်ရစေနိုင်ပါတယ်။
တစ်ခါတစ်ရံမှာလည်း အကြောင်းရင်းမရှိဘဲ ကိုယ်ဝန်မရနိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ စုံတွဲတစ်တွဲမှာ ရင်သွေးရရန် ခက်ခဲရင် နှစ်ဦးစလုံးကို ရောဂါရှာဖွေစစ်ဆေးဖို့ လိုအပ်တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပွင့်လင်းစွာ တိုင်ပင်သင့်ပါတယ်။